ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ " ရေ"
"ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်" လို့ အဆိုရှိပါတယ်။ ထမင်းမစားဘဲ ၇ ရက်အသက်ရှင်နိုင်ပေမယ့် တစ်မနက်လောက် ရေမသောက်ရရင်တော့ သေနိုင်တယ်လို့ ဆိုလိုတာပါ။
တစ်မနက် ရေမသောက်ရရင် သေမသေ သေချာပေါက်မပြောနိုင်ပေမယ့် ရေဟာ ခန္ဓာကိုယ်အတွက် အရေးအပါဆုံး အရာဆိုတာကိုတော့ သေချာပေါက် ပြောလို့ရပါတယ်။
ဘာကြောင့် အရေးကြီးတာလဲ?
ခန္ဓာကိုယ်ရဲ့ ၅၀% ကနေ ၆၀% ကို ရေနဲ့ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်တာ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာ၊ ဦးနှောက်ရဲ့ လုပ်ငန်းတွေကို ကူညီပေးတာ စတဲ့အလုပ်တွေကို ရေက လုပ်ဆောင်ပေးပါတယ်။
တစ်နေ့ကို ရေ ၃ လီတာ သို့မဟုတ် ၈ ဖန်ခွက်သောက်ရင် လုံလောက်ပါတယ်။ ရေအပြင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရေတွေ သောက်ရင်လည်း ရေဓာတ်ရပါတယ်။
အခု ရေက ခန္ဓာကိုယ်အတွက် ဘာတွေ အကျိုးပြုသလဲ ပြောပြမယ်နော်။
(1) တံတွေး ထုတ်လုပ်ဖို့ အကူအညီပေးတယ်
တံတွေးက ကစီဓာတ်တွေကို အစာခြေဖို့နဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို တိုက်ထုတ်ပြီး ခံတွင်းသန့်ရှင်းဖို့ လုပ်ဆောင်ပါတယ်။ တံတွေးမှာ ရေအဓိကပါဝင်ပြီး ပုံမှန်ရေသောက်တဲ့ပမာဏက တံတွေးထုတ်လုပ်ဖို့ လုံလောက်ပါတယ်။ အကယ်၍ အာခေါင်တွေခြောက်ပြီး ရေဆာနေရင်တော့ ရေများများသောက်ဖို့လိုတဲ့ လက္ခဏာပါပဲ။
(2) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
ခန္ဓာကိုယ်က ပူအိုက်နေရင်၊ လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်များပြီး အေးသွားလေ့ရှိပါတယ်။ ချွေးထွက်များရင် ရေဓာတ်နဲ့ ဓာတ်ဆားတွေဆုံးရှုံးပြီး ရေသောက်ခြင်း၊ ဓာတ်ဆားရည် သောက်ခြင်းဖြင့် ပြန်မဖြည့်ရင် ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ဖြစ်လာပါလိမ့်မယ်။
(3) တစ်ရှူး၊ အရိုးအဆစ်တွေနဲ့ ကျောရိုးအာရုံကြောမကြီးကို ကာကွယ်ပေးတယ်
တစ်ရှူး၊ အရိုးအဆစ်နဲ့ ကျောရိုးအာရုံကြောမကြီးအတွက် ရေက ချောဆီအဖြစ်ဆောင်ရွက်ပေးပြီး လှုပ်ရှားရလွယ်ကူစေကာ အဆစ်ရောင်ရောဂါကြောင့် ရတဲ့နာကျင်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ်။
(4) ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ်
ခန္ဓာကိုယ်ကနေ ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာတွေအတွက် ရေကို အသုံးပြုရပါတယ်။ ရေဓာတ်လုံလောက်တဲ့အခါ ဝမ်းချုပ်ခြင်းမဖြစ်အောင် ကာကွယ်ပေးမှာပါ။ ဆီးများများသွားတဲ့အခါ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ကျောက်ကပ်ကတဆင့် စွန့်ထုတ်ပေးပါတယ်။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။
(5) ဝမ်းချုပ်တာကို ကာကွယ်ပေးတယ်
ဝမ်းမချုပ်စေဖို့ အမျှင်ဓာတ် များများစားဖို့ လိုသလို ရေများများသောက်ဖို့လည်း လိုပါတယ်။
(6) အစာခြေဖို့ ကူညီပေးတယ်
စားလိုက်တဲ့ အစားအစာတွေကို အစာအိမ်နဲ့ အူတွေထဲမှာ ခြေဖျက်တဲ့အခါ ရေဓာတ်က ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးပါတယ်။
(7) အာဟာရတွေ စုပ်ယူပေးတယ်
အစာခြေဖျက်ပြီး ရလာတဲ့ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေကို ရေက ခန္ဓာကိုယ်ကလိုအပ်တဲ့ နေရာတွေထိ ရောက်အောင် ပို့ဆောင်ပေးပါတယ်။
(8) သွေးလှည့်ပတ်မှု ကောင်းစေတယ်
အောက်ဆီဂျင်နဲ့ အာဟာရတွေကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ရေက ပို့ဆောင်ပေးတဲ့အတွက် ရေဓာတ်ပြည့်နေရင် သွေးလှည့်ပတ်မှုလည်း ကောင်းပြီး ကျန်းမာနေမှာပါ။
(9) စွမ်းအင်ကို ပေးတယ်
ရေသောက်တာက ဇီဝလုပ်ငန်းစဥ်တွေကို အားပေးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဇီဝလုပ်ငန်းစဥ်တွေကနေ စွမ်းအင်တွေကို ရရှိပါတယ်။
(10) ကိုယ်အလေးချိန်ကျစေတယ်
ရေများများသောက်တဲ့အခါ အစားအများကြီး မစားဖြစ်တော့လို့ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေက ရေများများသောက်သင့်ပါတယ်။
(11) အသားအရေကို လှစေတယ်
အသားအရေလှပပြီး အရေးအကြောင်းကင်းဖို့ ရေဓာတ်က အရေးကြီးပါတယ်။ ရေဓာတ်ဖြည့်တဲ့ skin care တွေ သုံးတာအပြင် ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။
(12) ရောဂါတွေ သက်သာစေတယ်
ရေများများသောက်ခြင်းဖြင့် ဆီးကျောက်တည်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ သွေးတိုးတာ၊ ဝမ်းချုပ်တာနဲ့ ပန်းနာရင်ကြပ်ရောဂါများကို လျော့ပါးသက်သာစေပါတယ်။
ခန္ဓာကိုယ်အတွက် ရေရဲ့ အရေးကြီးပုံတွေက ပြောမကုန်နိုင်ပါဘူး။ ပိုက်ဆံအကုန်အကျ အများကြီးခံစရာမလိုဘဲ ကျန်းမာလှပတဲ့ဘဝကို ရရှိစေတာ ရေပဲရှိတာမို့ သန့်ရှင်းတဲ့ရေကို များများသောက်ပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်